ပုံပြင်မဟုတ်ဘူး။
အမှန်တကယ် ဖြစ်ခဲ့ပျက်ခဲ့တယ်။
ကြားဖူးနားဝထဲမှာ၊
သင်အံဖူးတဲ့အထဲမှာ
ဖြတ်သန်းလာသမျှထဲမှာ
ဒီစာမျက်နှာရဲ့သွေးနံဟာ အညှီဆုံးပဲ။
လူတယောက်ကို
လက်ယဉ်ယဉ်နဲ့ သတ်နိုင်ဖို့ စနစ်တကျနဲ့ လေ့ကျင့်သင်အံ ခဲ့လိုက်ကြတယ်။
သူတို့ဟာ
သူတို့အလိုရမ္မက်အတွက် ကိုယ်သမိုင်းကို တံတွေးနဲ့ ရေးခဲ့ကြတာ။
သူတို့ ရောက်နေတဲ့ အရပ်ဟာ ချိုင့်ဝှမ်းမှန်း၊ တောင်တန်းမှန်း မသိအောင်
အတ္တတွေ ပိန်းပိတ်နေခဲ့တာ။
သူတို့ဟာ လက်တလုံးကြား လှည့်စားတတ်သလိုမျိုး
ဗြောင်လိမ်ဖို့လည်း ဝန်မလေးကြဘူး။
သူတို့ဟာ အံသြစရာ ကောင်းလောက်အောင်
အနှစ်နှစ်ဆယ်လုံလုံး လုပ်ဇာတ် ကနေခဲ့ကြတယ်။
ဆရာတော်ဦးဥတ္တမဟာ
မျက်ရည်ယိုဗုံး ပိန်းပိတ်နေတဲ့ကြားမှာ
ခေါင်းကို နံပါတ်ဒုတ်နဲ့ ခေါင်းအရိုက် မခံရခဲ့ရဘူး။
သွေးစိမ်းရှင်ရှင်တွေ ဘုရားမြေမှာ မစွန်းထင်းခဲ့ရဘူး။
ဆရာတော်ဦးဝိစာရဟာ
သေနတ်သံတွေကြားမှာ
သင်္ကန်းတဖားဖားနဲ့ မပြေးခဲ့ရရှာဘူး။
လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဒင်နဲ့
အဆောင့်မခံခဲ့ရဘူး။
ဘယ်သူလက်ချက်မှန်း မသိဘဲ
ရေထဲမှာ အလောင်းမမျောခဲ့ရဘူး။
ဒါဟာ ဘာသာမတူ၊ လူမျိုးမတူသူတွေရဲ့ လက်အောက်
ကျွန်သဘောက်ဖြစ်နေတဲ့ အချိန်တုန်းကပေါ့
ဒါဟာ တို့သမိုင်းထဲ ရဟန်းအာဇာနည်တွေပေါ့ဒါတွေ အမှန်တကယ် ဖြစ်ခဲ့တယ်။
အခု မေတ္တာသုတ် ရွတ်သံတွေကို ယမ်းငွေ့နဲ့မှိုင်းတိုက်
ရွှေဝါရောင်သင်္ကန်းကို သွေးရောင်လွှမ်းနေခဲ့ကြ
အပြစ်မဲ့ပြည်သူတွေကို အမဲကောင်လို သဘောထား
ရွှေတိဂုံဘုရားရင်ပြင်ကို လူသတ်ကုန်းလို သဘောထားခဲ့ကြ
ဒါတွေ အမှန်တကယ် ဖြစ်ခဲ့ပျက်ခဲ့တယ်။
ကြည့်ကြ
ပါးစပ်က ဘုရားဘုရားဆိုသူက
ကို့ယို့ကားယားနိုင်တဲ့ လက်တွေ
ဝါဆိုသင်္ကန်း ကပ်ပြဖူးတဲ့လက်
ကထိန်သင်္ကန်း ကပ်ပြဖူးတဲ့လက်
ဆွမ်းဆန်စိမ်းလောင်း လှူပြခဲ့တဲ့လက်
ဘုရားထီးတော်ကို မတန်မရာ သယ်ပြဖူးတဲ့လက်
အဲဒီလက်တွေဟာ ဘယ်သံသရာရောက်ရောက်
ဖျက်မရနိုင်ခဲ့သွေးတွေနဲ့။
Wednesday, January 16, 2008
uneraseable
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment